Episode #1: ကျောင်းသူ၊ ဦးဆောင်သူ၊ သို့မဟုတ် ဂုဏ်ယူဖွယ်သမီးလတ်


သူမအမည်က Gracy...လူငယ်လူရွယ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သမဂ္ဂဥက္ကဌဖြစ်လာသူ၊ ဆရာ ဆရာမ နေရာယူထားပြီး လိုတာထက် အခွင့်အရေး ပိုယူထားတဲ့ သူတွေရဲ့ မျက်ချေး၊ ကျောင်းသားထုအတွက် မျှော်လင့်ချက် ကြီးမားသူတစ်ဦး၊ ဒိမိုကရေစီဟု အော်ဟစ်ပြီး old rules တွေကို မစွန့်နိုင်သေးတဲ့ ပညာရေးအဖွဲ့အစည်းကို အမြစ်လှန်ရင်း ကျောင်းသားထုအဆင်ပြေစေရေးအတွက် ကြိုးပမ်းနေသော ကျောင်းသူတစ်ဦး၊ မိသားစု၀င်ထဲမှာ သမီးလတ်ဖြစ်ပေမယ့် သမီးကြီးကဲ့သို့ မိဘများ ဂုဏ်ယူဝံ့ကြွားရသူ၊ နွေဦးတော်လှန်ရေးတွင် ထဲထဲ၀င်၀င်ပါ၀င်ဆောင်ရွတ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးမှ တစစ လက်နက်ကိုင်တော်လှန်ရေးအထိပါ အကောင်းဆုံးပါ၀င်လှုပ်ရှားခဲ့သူ၊ သူမရဲ့ တော်လှန်ရေးဘ၀အကြောင်းများကား ဤမျှပင်။


ထို့ကြောင့် သူမအတွက် ခေါင်းစဉ်ကား ကျောင်းသူ၊ ဦးဆောင်သူ သို့မဟုတ် ချစ်စဖွယ်သမီး တစ်ယောက် ဟူ၏။


တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးချိန်တွင် ဖြစ်ချင်မိသည်ကား Engineer တစ်ယောက်၊ ဤသို့ဖြင့် နည်းပညာကျောင်းသူတစ်ဦး၏ ဘ၀ကို ရွေးချယ်ခဲ့သည်။ ထို့နောက် တက္ကသိုလ်တွင် ကျောင်းသူတစ်ယောက်၏တာ၀န်အပြင် ကျောင်းသားထု၏တာ၀န်ကိုပါ မျှဝေထမ်းပိုးရင်း စတုထ္ထနှစ်တွင် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်လာခဲ့သည်။ တက္ကသိုလ်ကျောင်း၀န်းအတွင်း ဆရာဆရာမများ၏ အကျင့်ပျက်ချစားမှုများနှင့် လွဲမှားမှုများကို ထိပ်တိုက်ရင်ဆိုင်ရင်း ကျောင်းသားအရေးကို ပိုမိုစိတ်အားထက်သန်လာသောသူမ သမဂ္ဂအဖွဲ့အစည်းမှာ တဖြည်းဖြည်းပျော်မွေ့လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးကို ရှေးရှုရင်း နိုင်ငံကို တစတစတည်ဆောက်နေသော ဒီမိုကရေစီအစိုးရလက်ထက်တွင် ခေတ်မီသောနည်းပညာတက္ကသိုလ်ကျောင်းတကျောင်းအဖြစ် မှန်းဆ စိတ်ကူးယဉ်ကြည့်ရင်း တက္ကသိုလ်ကျောင်းသူဘ၀ကို ရှေ့ဆက်ခဲ့သော သူမ ၏ဘ၀ အစစအရာရာ ချောမွေ့နေခဲ့သည်။


မြန်မာစစ်တပ်၏ မရေရာသော အကြောင်းပြချက်မျိုးစုံဖြင့် တရားမ၀င်စစ်အာသိမ်းမှုအောက်တွင် အရာရာပြိုလဲသွားသော မြန်မာနိုင်ငံ၏ အ‌ခြေအနေတွေကြောင့် သူမ၏ဘ၀ပါ ပြောင်းလဲသွားရတော့သည်။ အကြမ်းမဖက်အာဏာဖီဆန်ရေးနှင့်အတူ ငြိမ်းချမ်းစွာဆန္ဒပြရင်း လမ်းမပေါ်ရောက်လာသော ပြည်သူများထဲမှ တစ်ဦးဖြစ်ခဲ့ရင်း စစ်အာသိမ်းမှုကို ဆန့်ကျင်ခဲ့သည်။ သူမ၏အထင်အမြင်ကား ရိုးရှင်း၏။ အာဏာသိမ်းစစ်ခေါင်းဆောင်များကို အရှက်သိက္ခာအနည်းငယ်ရှိမည် ထင်ခဲ့သည်။ သို့သော် စစ်အာဏာရှင်များ၏ အာဏာရူးသွပ်မှုကို ကိုယ်တွေမြင်လာသည့်အချိန်တွင် နောက်ဆုံးရွေးချယ်မှုကား လက်နက်ကိုင်တော်လှန်ရေးပင်ဖြစ်ခဲ့ရတော့သည်။


သူငယ်ချင်းတစုနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များရှိရာသို့ ခြေဆန့်ရင်း တော်လှန်ရေးခရီးနှင်ခဲ့‌ရသော သူမ၊ စစ်သင်တန်းတက်ရင်း အခြေအနေတခုရောက်လာသည့်အချိန်တွင် ‌စစ်ပွဲများကို နဖူးတွေ့ဒူးတွေ့ တွေ့လာရသော သူမ၊ တော်လှန်ရေးကာလတွင် တနေရာမှ တနေရာသို့ရွေ့ရင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောသဘာ၀နှင့် တော်လှန်‌ရေးအပေါ် ၎င်းတို့၏ ခံယူချက်ခံစားချက်တို့ကို တဖြည်းဖြည်း နားလည်လာရသည်။ နေရာတိုင်းတွင်အမှန်အကန်ကြိုးစားရုန်းကန်သူများရှိသကဲ့သို့ အခွင့်ရေးသမားနှင့် အချောင်နိုက်သူများလည်းရှိသည်ဟူသော သဘောကို သူမနားလည်လာရင်း လွတ်မြောက်နယ်မြေမှ လွတ်မြောက်ခြင်းများအတွက်ပါ သူမလုံးပမ်းခဲ့ရသည်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း တကိုယ်ရည်ရည်မှန်းချက် ရည်ရွယ်ချက်တွေ ဝေဝါးလာတဲ့အခါ နောက်ဆုံး နိုင်ငံရပ်ခြားသို့ ဒုက္ခမျိုးစုံဖြင့် ရွေ့ပြောင်းခဲ့ရတော့သည်။


ကျန်ရစ်သောမိသားစုကား စိတ်ချထား၍မရ၊ စစ်ကောင်စီ၏လက်အောက်တွက် အေးချမ်းသောနေရာဟူ၍ မရှိ။ မိသားစုလိုက်ဒုက္ခရောက်ရမည့်အရေးကို ရှောင်ကွင်းရန်မှာ တသက်တာစုဆောင်းခဲ့ရသော နေအိမ်ခြံ၀န်း ပိုင်ဆိုင်မှုနှင့် မုန့်ဟင်းခါးဆိုင် အားလုံးကို ပစ်ထားခဲ့ပြီး လွတ်မြောက်ရာကို ရှာဖွေခြင်းတနည်းသာ။ ဤသို့ဖြင့် သူမ,ရှိရာဆီသို့ မိသားစုအားလုံး အရဲစွန့်လိုက်ပါလာရင်း အခက်အခဲမျိုးစုံကို အံတုလျက်ရှိပါတယ်။ သူမရဲ့ စ်တ်၀င်စားဖွယ် တော်လှန်းရေးဇာတ်စုံကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast မှာ သွားရောက်နားဆင်နိုင်ပါတယ်။

 
Shwe Lan Ga LayComment