လားရှိုးမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပြင်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က ကျွန်တော်တို့ရဲ့ဒေသခံစေတနာ့ဝန်ထမ်းကို သူနဲ့အတူ လက်ထောက်သံဃာတော်များက ဘုန်းကြီးကျောင်းမှ တိုင်းရင်းသားကလေးတွေအတွက် ဘယ်လိုရုန်းကန်ရှင်သန်နေရသလဲဆိုတာရော၊ လက်ရှိအခြေအနေအကြောင်းကိုရော ပြောပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြင်းပြတဲ့ ခံစားချက် တစ်စုံတရာရှိတဲ့ ကရုဏာရှင်များအတွက် ဒီစီမံကိန်းကြီး ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ဒီနေရာမှာ ပါဝင်လှူဒါန်းကြဖို့ စဉ်းစားပါ ခင်ဗျာ။ ပြည်တွင်းမှလည်း Wave နံပါတ် 09942359202 ကို လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။


ကျွန်တော်တို့ ဆွေးနွေးမိသလောက် အဲ့ဒီကျောင်းမှာ သူငယ်တန်းကနေ လေးတန်းအထိ အစိုးရအခြေခံသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးပါတယ်။ အဲ့ဒီမှာ ရှင်သာမဏေလေးအပါး ၅၀ ကို နေရာထိုင်ခင်းသာမက တနေ့ဆွမ်းသုံးနပ်လည်း ကျွေးမွေးပါတယ်။

ကျောင်းသားလေးတွေအားလုံးက ဝေးလံခေါင်ဖျားဒေသတွေမှာနေကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသားမိသားစုတွေဆီက ရောက်လာကြတာပါ။ တချို့ကလေးတွေက သူတို့မိဘတွေ မူးယစ်ဆေးစွဲနေလို့ ရောက်လာကြတာပါ။ ဒီသနားစရာကလေးငယ်တွေကို မိဘတွေ မစောင့်ရှောက်နိုင်လို့ ဘုန်းကြီးက ကိုယ်စား စောင့်ရှောက်ထားပါတယ်။ 

ဘုန်းကြီးက သူတို့လေးတွေကို ကျောင်းပညာသာမကသေးဘဲ လူတွေတတ်ထားသင့်တဲ့ လက်သမားအတတ်ပညာလို အသက်မွေးမှုဆိုင်ရာ ပညာရပ်မျိုးတွေကိုလည်း လူထွက်သွားတဲ့အခါမှာ အသုံးချနိုင်ဖို့ သင်ကြားစေပါတယ်။ ဒါကို နားထောင်ကြည့်ရတော့ ဒီသနားစရာတိုင်းရင်းသားလေးတွေအပေါ်မှာ ဘုန်းကြီးရဲ့ ကျေးဇူးတရားကြီးမားတာကို ခန့်မှန်းကြည့်လို့ရပါတယ်။

ကမ္ဘာ့ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြေပြန့်ဒေသက ဗမာလူမျိုးအများစုလိုပဲ တိုင်းရင်းသားဒေသတွေမှာလည်း ထိခိုက်မှုတွေရှိတာ ငြင်းလို့မရပါဘူး။ ကျောင်းထိုင်နဲ့ လက်ထောက်ဆရာတော်တွေက ကလေးငယ်လေးတွေနဲ့ ရှင်သာမဏေလေးတွေကို ကျွေးမွေးနိုင်ဖို့ ရွာထဲက လယ်သမားတွေထံမှ အလှူခံလို့ရသမျှနဲ့ လောက်ငှဖို့သာ မျှော်လင့်နေရပါတယ်။  

ကလေးတွေကို ဟင်းအမယ်တွေအစား လဖက်နဲ့ နေ့စဉ်ကျွေးမွေးနေရတဲ့ ဒီကာလမှာ ဆွမ်းတော်နဲ့ ဟင်းသီးဟင်းရွက်ရဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်ခင်ဗျာ။ ကလေးရဲ့ကျန်းမာရေး တိုးတက်မှုအတွက် ဘယ်လောက်ခက်ခဲနေသလဲဆိုတာ မိတ်ဆွေတို့ စဉ်းစားကြည့်ကြပါခင်ဗျာ။ လူမှုအဖွဲ့အစည်းတွေနဲ့ အလှူရှင်တဦးတယောက်ချင်းစီရဲ့ လှူဒါန်းမှုတွေဖြစ်တဲ့ ကုလားပဲ၊ ဟင်းချက်ဆီနဲ့ ဆွမ်းဆန်စိမ်းတွေကို ဘုန်းကြီးတွေက တစ်ခါတလေ လက်ခံရရှိပေမဲ့ ဒါတွေကလည်း ပို့ဆောင်ရေး အဆင်ပြေတဲ့အခါမှသာ ဖြစ်နိုင်တာပါ။

ဒီပုံစံအတိုင်းသာဆိုရင် ဘုန်းကြီးကျောင်းက ကလေးတွေရဲ့အခက်အခဲကို ချောင်လည်စေဖို့ ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဓိကက ဆွမ်းတော် ဖြစ်ပါတယ်။ တနိုင်ငံလုံးက ကျောင်းတွေလည်း ပိတ်နေတဲ့အတွက် SAC ရဲ့ ပညာရေးဝန်ကြီးဌာနက ဘုန်းတော်ကြီးစာသင်ကျောင်းတွေကို အလေးဂရုပြုပြီး ထောက်ပံ့မယ့်ပုံမရှိတာလည်း အထင်အရှားပါပဲ။ နိုင်ငံခြားမှအလှူရှင်တွေရဲ့ ရက်ရောမှုကလွဲရင် သူတို့က လုံးဝ ကိုယ့်ဘာသာရပ်တည်နေကြရတာပါ ခင်ဗျာ။ 

Shwe Lan Ga LayComment